IC အကြောင်းသိကောင်းစရာ
====================
အပိုင်း(၁)
+++++++
၁။ IC ဆိုတာက Integrated Circuit ကို အတိုအခေါ်သတ်မှတ်ထားတာဘဲ ဖြစ်ပါတယ်။ မြန်မာလိုတော့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Circuit လို့အမည်ရမပေါ့။ Iron Cross မဟုတ် ပေမယ့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ သဘောသဘာဝကတော့ အတူတူပါဘဲ။ ဂီတအနုပညာက IC မှာက လေး ဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ ချစ်စမ်းမောင် တို့နဲ့ ဖွဲ့စည်းထားပြီး ဂီတသံစဉ်အမျိုးမျိုးကို ထုတ်ဖေါ်ပေးနေသလို ၊ Electronic ဘာသာရပ်က IC ကလည်း Transistor၊ Resistor ၊ Diode စတဲ့ အီလက်ထရောနစ် Device လေးတွေကို စုပေါင်းတည်ဆောက် ထားပြီး အီလက်ထရောနစ် လုပ်ငန်းလေးတွေကို လုပ်ဆောင်ပေးတဲ့ Device တစ်ခုပါ။
၂။ Iron Cross က ကိုလေးဖြူ ကြီးက ဘယ်ချိန်ကမွေးတာ၊ ဘယ်သူနဲ့ညားတာ၊ ကလေးဘယ်နှယောက်ရှိ တယ်ဆိုတာကို ဂီတကို နားဆင်ခံစားသူအဖို့ သိဖို့မလိုသလို Integrated Circuit က ပါတဲ့ Electronic Device လေးတွေကို ဘယ်လိုထည့်ထားတယ်၊ ဘယ်နှခုနှစ်က စပြီးထုတ်ခဲ့တယ်ဆိုတာကို အသုံးချချင်သူတစ်ယောက် အတွက် အမှန်တစ်ကယ် လိုအပ်တဲ့အရာမဟုတ်တော့ သိသင့်သိထိုက်တာလေးတွေဘဲ ကျနော် ဆွေးနွေးသွား ပါ့မယ်။ ဆိုတော့ IC အမျိုးအစားလေးတွေ နဲ့ IC ခြေထောက်(Pin)ဖတ်နည်း၊ Case Type ၊ TTL နဲ့ CMOS IC အကြောင်းနဲ့ BGA Repair (Reball) အကြောင်းလေးတွေကို ဆွေးနွေးပါ့မယ်။
၃။ IC အမျိုးအစားလေးတွေကို အခြေခံအနေနဲ့ (၃)မျိုးခွဲထားပါတယ်။ ဒါလေးတွေကို အောက်မှာ ဖေါ်ပြထားပါတယ်။
(က) Analog IC
(ခ) Digital IC
(ဂ) Analog/Digital IC
၎။ Analog IC ကို နောက်တစ်မျိုး Linear IC လို့လည်းခေါ်လို့ရပါတယ်။ ဘယ်လိုIC မျိုးတွေက Analog IC လဲ….။ ဗို့တန်ဖိုးကို တည်ငြိမ်အောင်လုပ်ပေးတဲ့ Power Management IC ၊ Analog အ၀င်တန်ဖိုးတစ်ခုကို ချဲ့ပေးတဲ့ Amplifier IC ၊ တန်ဖိုးတစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်ရာမှာသုံးတဲ့ Comparator IC ၊ 555 လိုမျိုး Timer IC နဲ့ လှိုင်းနှုန်း ပေးတဲ့ Oscillator IC တွေကတော့ Analog IC အမျိုးအစားတွေဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်က အ၀င်တန်ဖိုးတစ်ခုကို အဆက်မပြတ်စေဘဲ အထွက်မှာပြောင်းလဲပေးတဲ့ နည်းစနစ် ပါ။
၅။ Digital IC ကိုတော့ နောက်တစ်မျိုး Logic IC လို့လည်းခေါ်နိုင်ပါတယ်။ ဘယ်လို ICတွေက Digital IC လဲ ခွဲခြားကြည့်ရင် Gate တွေနဲ့ တည်ဆောက်ထားတဲ့ ICတွေ (ဥပမာ- AND, NAND,OR,NOR ) ၊ Binary Counter IC ၊ Multiplexer IC ၊ Memory IC ၊ Processor IC၊ Encoder / Decoder IC စတာတွေကတော့ Digital IC လို့ သတ်မှတ်ပါတယ်။ သူကတော့ ဘာတွေဘဲလုပ်လုပ် 1(High) နဲ့ 0 (Low) နှစ်ခုနဲ့ ဘဲအလုပ်လုပ် ပါတယ်။
၆။ နောက်ဆုံးတစ်ခုဖြစ်တဲ့ Analog / Digital IC ကိုတော့ MIX Signal IC လို့လည်းခေါ်နိုင်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံလေးက 1 ၊ 0 နဲ့ လာတဲ့ သတင်းအချက်အလက်လေးတွေကို လက်ခံလိုက်ပြီး သူ့ကနေပြန် ထွက်ပေးလိုက်တဲ့ အထွက်က ဆက်ဆက်မှုမပြတ်တဲ့ ပုံစံ(Analog) ကို ထုတ်ပေးတဲ့ ICတွေ ။ ဥပမာ- Stepper Driver IC လိုမျိုးပေါ့ ။ Controller ကလာတဲ့ Digital Signal ကို မော်တာကို မောင်းတဲ့ Analog စနစ်ကို ပြောင်းလည်းပေးတဲ့ IC ဆိုရင် Analog / Digital ပေါင်းစပ်အလုပ်လုပ်တဲ့ D/A Converter IC ပါဘဲ။ နောက်တစ်နည်းက Analog စနစ်နဲ့ ၀င်လာတဲ့ Signal ကို Digital အနေနဲ့ပြောင်းလဲတဲ့ A/D Converter IC တွေကလည်း MIX Signal IC ဘဲဖြစ်ပါတယ်။
၇။ အထက်မှာ ဖေါ်ပြထားတာတွေကတော့ IC တွေရဲ့ အမျိုးအစားတွေပါ။ နောက်ထပ်IC နဲ့ ပတ်သတ်တဲ့ IC ခြေထောက်(Pin)ဖတ်နည်း၊ Case Type ၊ TTL နဲ့ CMOS IC အကြောင်၊ BGA Repair (Reball) နည်းလမ်းတွေကို #ဆက်လက် ဆွေးနွေးသွားပါမယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ.......
ကိုသားငယ် (BE , EC)
IC အပိုင်း(၂)
+++++++++
IC Package
+++++++++++
၈။ IC တွေကို တည်ဆောက်ထားတဲ့ပုံစံအနေနဲ့ အောက်မှာဖေါ်ပြထားတဲ့အတိုင်း ခွဲခြားနိုင်ပါတယ်။
(က) SIP : Single Inline Package
(ခ) DIP: Dual Inline Package
(ဂ) QFP : Quad Flat Package
(ဃ) SOP : Small Outline Package
(င) PLCC: Plastic Leaded Chip Carrier
(စ) BAG: Ball Grid Array
စသဖြင့် ခွဲခြားထားပါတယ်။ ပုံ(၁) မှာ အမျိုးအစားတစ်ခုချင်းစီရဲ့ နမူနာပုံလေးတွေကို ပြသထားပါတယ်။ PCB Design ရေးဆွဲတဲ့နေရာမှာတော့ ဒီ Package လေးတွေက မဖြစ်မနေသိရှိနားလည် ထားရမှာပါ။ ဒီလို Package လေးတွေကိုသိထားမှ မိမိအပြင်မှာ အမှန်တစ်ကယ်သုံးမယ့် IC ခြေထောက်တွေချထားတဲ့ ပုံစံ( Footprint) အတိုင်း PCB Design မှာ မှန်မှန်ကန်ကန် ရွေးချယ်ပြီး ဆွဲနိုင်မှာပါ။ ဥပမာ- uA741 Op-Amp တစ်လုံး ပါတဲ့ PCB Design တစ်ခုရေးဆွဲပြီ ဆိုပါဆို့။ 741 က Op-Amp အမျိုးအစား IC ၊ Package ပုံစံက PTH (Plate Through Hole) အမျိုးအစားသုံးမယ် ၊ ခြေထောက် (၈)ချောင်းပါပြီး တစ်ဘက်(၄) ချောင်းစီ ဆိုတော့ကာ Dual Inline Package (DIP8 or DIL8) အမျိုးအစားအစားကို ရွေးချယ်ရမယ်ဆိုတာကို သိနိုင်မှာဖြစ် ပါတယ်။ မဟုတ်ရင် Footprint အမျိုးအစား အများကြီးထဲကနေ တစ်ခုချင်းလိုက်ရှာနေရမှာပါဘဲ။ ၁ နာရီ လောက်နဲ့ ပြီးမယ် PCB Design က (၃)နာရီလောက်ရေးဆွဲ နေရမှာပါ။ #PCB Design ရေးဆွဲနည်းကိုလည်း နောက်များမှာ ဆက်လက် ရေးသားသွားပါ့မယ်။ ပုံ (၂) မှာ နမူနာပြထားပါတယ်။
၉။ နောက်တစ်ခု ကိုယ်က IC တစ်လုံးကို တွေ့ပြီဆိုတာနဲ့ Pin နံပါတ်ကို သိနိုင်ရပါတယ်။ ဒါကလွယ်လွယ် ကူကူသိနိုင်ပါတယ်။ IC ရဲ့ ကိုယ်ထည်ပေါ်မှာ အစက်/ အပေါက် ပုံစံလေးတစ်ခုပြထားတဲ့ နေရာက ICရဲ့ Pin နံပါတ်-၁ ဘဲဖြစ်ပါတယ်။ အဲသည်ခြေထောက်ကမှ နာရီလက်တံ ပြောင်းပြန်အတိုင်းလှည့်ပြီး နံပါတ်စဉ် ငယ်ရာကနေ ကြီးရာကို အစဉ်လိုက် တိုးသွားတာဖြစ်ပါတယ်။ အဲသလိုဆို BGA IC မှာရောဗျာ ဆိုရင်တော့ သူ့မှာက တန်းနဲ့တိုင် (Coloum + Row) ပေါင်းပြီးမှ IC ခြေထောက်နံပါတ်ကိုခေါ်ဆိုပါတယ်။ ဥပမာ- A1၊ A10 ၊ B5 စသဖြင့် သတ်မှတ်လေ့ရှိပါတယ်။ ပုံ( ၃)မှာ IC Pin နံပါပတ် ချထားမှု နမူနာပုံစံပြထားပါတယ်။
၁၀။ နောက်ကျွန်တော် ဆက်ပြီးဆွေးနွေးချင်တာက IC ကိုထုတ်လုပ်တဲ့ ကုမ္မဏီပါ။ IC ထုတ်တဲ့ ကုမ္မဏီတွေ က မိမိတို့ထုတ်လိုက်တဲ့ IC ရဲ့ ကိုယ်ထည်ပေါ်မှာ အမှတ်အသားတံဆိပ်တွေကို ထည့်ပြီးထုတ်လေ့ရှိပါတယ်။ ဥပမာ- 741 Op-Amp IC ဆိုပါဆို့။ ဒီ 741 IC ဆိုရင် ကျနော်တို့ ခင်ဗျားတို့လည်းတွေ့ဘူးကြ မှာပါဘဲ။ uA741၊ LM741 စသည်ဖြင့်ပေါ့။ အဲသလို IC နံပါတ်ရဲ့ ရှေ့မှာက ထုတ်လုပ်တဲ့ ကုမ္မဏီရဲ့ အမှတ်အသားကို ထည်ပြီးရေးလေ့ ရှိပါတယ်။ အလုပ်လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ပုံစံကတော့ တစ်ခုတည်းပါဘဲ ဆိုတာကို မှတ်သား ထားရပါမယ်။ LM741 ဆိုရင် National Semiconductor ကထုတ်တာ စသည်ဖြင့် ကွဲပြားခြား နားတာဘဲရှိ တာပါ။ စတင်လေ့လာသူအဖို့ ဇဝေဇ၀ါဖြစ်စေ မှာဆိုးလို့ ဒီအကြောင်းကို ဆွေးနွေတာဘဲဖြစ် ပါတယ်။ ကျနော်တို့ စတင်လေ့လာစဉ်ကလည်း LM741 ဆို LM741 မရရအောင်လိုက်ဝယ်ပါတယ်။ uA741 ဘဲရှိတယ်ဆိုရင် မယူဘူး၊ မူရင်းက LM ဖြစ်တဲ့အတွက် LM ဘဲ။ ဒါလေးမတူတာကြောင့် ကိုယ်ရဲ့ ပြုပြင်ခြင်း ၊ Design ဖန်တီးခြင်းက မရတာလို့ မယူဆချင်ဘူး ဆိုတော့ ရအောင်ဝယ်သည်ပေါ့ဗျာ။ ပုံ (၄) မှာ uA741 နဲ့ LM 741 IC တွေကို နမူနာ ဖေါ်ပြပေးထားပါတယ်။
၁၁။ နောက်တစ်ခုရှိသေး တယ်။ ကျနော်က Product တစ်ခုကိုလုပ်တုန်းက ပစ္စည်းဝယ်ပေးတဲ့ ပုဂ္ဂိုလ်ကြီးက စမ်းသပ်ဆဲကာလက Fairchild Product လေးပေးပြီး စမ်းခိုင်း၊ လုပ်ခိုင်းပါတယ်။ နောက် Product ကလည်းအောင်လို့ များများလုပ် လည်းလုပ်ရော Fairchild ရဲ့ Product ကိုမပေးတော့ဘူး။ ဘာမှန်းမသိတဲ့ ပုံစံတူ IC ကိုပေးရော။ အိုး..အသံပိုင်း ဆိုင်ရာလေးဆိုတော့ ကွာသပေါ့ဗျာ။ ဒါကြောင့် အလုပ်လုပ်တဲ့ နေရာမှာ တူပေမယ့် တစ်ချို့တစ်ချို့တွေက အရည်အသွေးတော့ ကွာတတ်တာကိုလည်း သိစေ ချင်လို့ပါ။ ဒါကြောင့် ကျနော်တို့နာမည်ရှိတဲ့ Components ထုတ်တဲ့ကုမ္မဏီကြီးတွေရဲ့ အမှတ်အသားလေး တွေကို သိနိုင်စေဖို့ ပုံ(၅+၆)မှာ ဖေါ်ပြပေးထားပါတယ်။
TTL & CMOS IC
+++++++++++++
၁၂။ IC ဆိုတာနဲ့ သူတို့မပါမပြီးတဲ့ TTL နဲ့ CMOS အကြောင်းကို ဆက်လက်ဆွေးနွေးပါ့မယ်။ TTL တွေ CMOS တွေဆိုတာက Digital IC အမျိုးအနွယ်ဝင် တွေဘဲ ဖြစ်ပါတယ်။ ပုံ(၇) မှာ TTL နဲ့ CMOS IC အချို့ကို နမူနာ ပြထားပါတယ်။ TTL ဆိုတာက Transistor –Transistor –Logic ကိုဆိုလိုတာ ဖြစ်ပြီးတော့ သူ့ရဲ့ IC နံပါတ်တွေက 74 ဆိုတဲ့ ဂဏန်းနဲ့ စတင်တာဖြစ်ပါတယ်။ ဒီနေရာမှာ 74L ဆိုရင် Low Power စနစ်အတွက်၊ 74H ဆိုရင် High Speed အတွက်၊ 74S ဆိုရင် Schottky ၊ 74LS ဆိုရင် Lower Power Schottky နဲ့ 74ALS ဆိုရင် Advanced Low Power Schottky တို့အတွက် အသီးသီး ရည်ညွှန်း ထားတာဖြစ်ပါတယ်။ TTL IC တွေက Bipolar Junction Transistor တွေကို အခြေခံ တည်ဆောက် ထားကြပါတယ်။
၁၃။ CMOS ဆိုတာက Complementary Metal Oxide Semiconductor ကို ဆိုလိုတာဘဲဖြစ်ပါတယ်။ FET ကိုအခြေခံတည်ဆောက်ထားတဲ့ IC အမျိုးအစား ပါ။ သူ့ရဲ့ IC နံပါတ်တွေက 40 ဆိုတဲ့ ဂဏန်းနဲ့ စတင်တာ ဖြစ်ပါတယ်။ CMOS IC တွေက Power Supply +3V ကနေ +15V လောက်ထိအတွင်းမှာ ပေးပြီး သုံးနိုင်ပါ တယ်။ Vdd လို့ဖေါ်ပြပေးထားတာက (+) ဗို့ပေး Vss လို့ဖေါ်ပြပေးထားတာက Ground ပေးရတာဖြစ်ပါ တယ်။
၁၄။ TTL AND Gate IC လည်းရှိတယ်။ CMOS AND Gate IC လည်းရှိတာဘဲ ။ ဘာတွေကွာလို့လဲ။ သေခြာတာတစ်ခုပြောရရင် ဈေးကွက်မှာ အလွယ်တ ကူ ၀ယ်လို့ရတာ 40 Series နဲ့စတဲ့ CMOS IC တွေပါဘဲ။ အောက်မှာ ကွာခြားမှုတွေကို ဆက်လက်ဖေါ်ပြထားပါတယ်။
(က) TTL IC က CMOS IC ထက် Power စားများပါ တယ်။
(ခ) TTL IC မှာ ပေးရတဲ့ VCC Power Supply က 2VDC ကနေ 6VDC အတွင်းလောက်ဘဲ ရှိပြီး
CMOS IC မှာတော့ 3VDC ကနေ 15VDC အထိရှိ တာကြောင့် CMOS က TTL ထက် Power Supply Range ပိုကျယ်ပါတယ်။ အရမ်းမရွေးဘူးပေါ့ဗျာ။
(ဂ) TTL IC မှာ 0 to 0.8V ကို Logic ‘0’ ၊ 2V ကနေ power Supply တန်ဖိုးထိကို Logic Level “1” လို့သတ်မှတ်ပါတယ်။ CMOS IC မှာတော့ 0 to 1/3 Vdd( IC ကိုပေးထားတဲ့ ပါဝါ ရဲ့ သုံးပုံတစ်ပုံ)
ထိကိုLogic ‘0’ ၊ 2/3 Vdd ( IC ကိုပေးထားတဲ့ ပါဝါ ရဲ့ သုံးပုံနှစ်ပုံ) ကနေ Power Supply တန်ဖိုး ထိကို Logic “1” လို့သတ်မှတ်ပါတယ်။
(ဃ) CMOS IC က TTL IC ထက် Electromagnetic နှောက်ယှက်မှုကို ဒဏ်ကို ခံရစေလွယ်ပါတယ်။
၁၅။ Analog IC ဘဲဖြစ်ဖြစ် Digital IC ဘဲဖြစ်ဖြစ် Circuit Symbol လေးတွေရေးဆွဲတဲ့အခါမှာ သူတို့ရဲ့ Gate ပုံစံလေးတွေနဲ့ ပြလေ့ရှိပါတယ်။ Op-Amp ဆိုလည်း OP-Amp ရဲ့ ပုံစံလေးတိုင်းပေါ့။ ဒါပေမယ့် IC တစ်လုံးထဲ အတွင်းမှာ Gate များစွာပါနေရင်တော့ U1A ၊ U1B ၊ U1C စသည်ဖြင့် ခွဲပြီး Diagram မှာ ရေးဆွဲရ ပါတယ်။ ဒါပေမယ့် သူတို့က IC တစ်လုံး အတွင်းမှာဘဲ ဆိုတာလေး သိထားရပါမယ်။ မိမိကိုယ် တိုင် Schematic တစ်ခုရေးဆွဲတဲ့ အခါမှာ ဒီလိုခွဲခြား ဆွဲမှသာ တစ်ခြားသူတစ်ယောက်က ဖတ်ကြည့်တဲ့အခါ ကောင်းကောင်း နားလည်စေမှာဘဲဖြစ်ပါတယ်။ ပုံ(၈) မှာ Schematic ၊ IC Component ၊ PCB Footprint တို့ကို နမူနာပြထား ပါတယ်။
၁၆။ ဆက်လက်ပြီး Ball Grid Array (BGA) IC Repair လုပ်ခြင်းကို Manual နဲ့ Auto နည်းစနစ် (၂)မျိုးနဲ့ ဆွေးနွေး သွားပါမယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျနိုင်ကြပါစေ……။
ကိုသားငယ် (BE , EC)
IC အပိုင်း(၃)
+++++++++
BGA IC Rework ပြုလုပ်ခြင်းနည်းစနစ်
==========================
၁၅။ BGA IC တစ်လုံးကို ဖြုတ်တယ်၊ Ball ပြန်စိုက်ပြီး ပြန်တပ်ဆင်တယ် ဒီနည်းစနစ်လေးတွေကို စတင် လေ့လာသူတွေအနေနဲ့ လတ်တလော မလိုအပ်ခဲ့ရင်တောင် ဗဟုသုတအနေနဲ့ ဆက်လက်ဖေါ်ပြ ဆွေးနွေးသွား ပါ့မယ်။ ဒီလိုဖေါ်ပြတဲ့နေနရာမှာ Manual နည်းစနစ်နဲ့ လဲလှယ်တပ်ဆင်နိုင်သလို ၊ Automatic နည်းစနစ် နဲ့လည်း တပ်ဆင်နိုင်ပါတယ်။ Automatic နည်းစနစ်ဆိုတာက ဖြုတ်တဲ့၊တပ်တဲ့ နေရာမှာ စက်ကိုသုံးတဲ့ နည်းစ နစ်ကို ပြောတာဘဲ ဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင် BGA IC ဖြုတ်တာ၊ ပြန်တပ်တဲ့ အကြောင်းပြောလို့ ကျွန်တော် ဖုန်းတွေမှာရှိတဲ့ BGA IC တွေကို အမြဲဖြတ်လဲနေသလား အင်မတန်ကျွမ်းကျင်နေသလား ဆိုတော့ မဟုတ်ပါဘူး။ ကျနော်လုပ်ခဲ့ လုပ်ငန်းမှာလုပ်ခဲ့ဖူးတာလေးရယ်၊ ဖတ်မှတ်ထားတာလေးတွေရယ် စုပြီးပြန်လည် မျှဝေဆွေးနွေးတာပါ။
၁၆။ BGA ဆိုတာ Ball Grid Array ။ (B)all (G)rid (A)rray ဆိုတဲ့ပုံစံနဲ့ အတိုသတ်မှတ်ထားတာ ဖြစ်ပါ တယ်။ IC Pin လေးတွေကို Ball စေ့လေးတွေနဲ့ ပြုလုပ်ထားပြီး IC ရဲ့ ဗိုက်အောက်မှာဘဲ အဲသည် ဘောစေ့လေးတွေကို Grid ကွက်လေးတွေပုံစံနဲ့ တပ်ဆင်ထားတဲ့ Electronice Device အမျိုးအစားတစ်ခုပါ။ ဒီဘောစေ့လေးတွေက BGA IC အလိုက် အရွယ်အစား အမျိုးမျိုးရှိ ကြပါတယ်။ 0.5mm ၊ 0.6mm ၊ 0.7mm ၊ 0.8mm စသည်ဖြင့်ပေါ့။ အမှန်ကတော့ အဲသည် ဘောစေ့လေးတွေက ခဲသီးလေးတွေပါ။ သတ်မှတ်ထားတဲ့ အပူချိန်ကို ပေးလိုက်တဲ့အခါမှာ PCB မှာရှိတဲ့ ခြေထောက်နေရာ (Pad) လေးတွေနဲ့ BGA ရဲ့ ခြေထောက် (Pin)တွေ ကိုဆက်သွားစေပါတယ်။ ခဲသီးလေးတွေကို ကြိုတင်တပ်ဆင်ထားတဲ့ သဘောပေါ့။
၁၇။ တိုင်းတာစစ်ဆေးဖို့ ခက်ခဲတဲ့ ဒီ BGA IC ကိုဘာကြောင့်သုံးသလဲ။ SMT Assembly လုပ်စဉ်က အဲ့ဒီအ တွေး ကျနော်ခဏခဏတွေးမိတယ်။ အမှန်တော့ အောက်မှာဖေါ်ပြထားတဲ့ အချက်လေးတွေက သူ့ရဲ့ အားသာ ချက်လေးတွေပါ။
(က) နေရာကျဉ်းကျဉ်းလေထဲမှာ IC Pin အတော်များများ တပ်ဆင်နိုင်လို့ အရွယ်အစားသေးငယ်ပါ
တယ်။
(ခ) IC အတွင်းထဲမှာရှိတဲ့ Chip လေးနဲ့ အနီးကပ်နေရာမှာ Pin သေးသေးလေးတွေကို သုံးထားလို့
Power ပိုင်းအတွက် Inductance တွေ Signal ပိုင်းအတွက် Impedance တွေ နည်းပါတယ်။
(ဂ) နောက် BGA IC ရဲ့ ခြေထောက် (Pin)တွေကလည်း QFP IC လို ခြေထောက်တွေ ပျက်စီးကျိုးပဲ့
တွေလည်း မရှိပါဘူး။ Pin တွေက IC မှာ တစ်ခါတည်း ကပ်ထားတာဖြစ်တဲ့ အတွက်ကြောင့်ပါ။
(ဃ) နောက်တစ်ခုက BGA IC တွေကို ခဲစော်တဲ့ နေရာမှာ Self-Centering လို့ခေါ်တဲ့ သူ့ဘာသာသူ
PCB Pad နဲ့ IC Pin ကို အလယ်တည့်တည့် ကျအောင် ချိန်ညှိပေးတဲ့ စနစ်ကောင်းတစ်ခုလည်း
ပါပါတယ်။ ဒါတော့ အတိုင်းအတာ တစ်ခုထိဘဲပေါ့။ PCB Pad နဲ့ IC Pin က အတော်ကြီး
လွဲနေတာ ဆိုရင်တော့ သူလည်း Self-Centering လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
BGA IC အားဖြုတ်ခြင်း
+++++++++++++++++
၁၈။ BGA IC တစ်လုံးကို ပျက်စီးလို့ ဖြုတ်တဲ့အခါမှာ BGA Rework Station ကိုသုံးပြီးဖြုတ်တဲ့ နည်းလမ်းနဲ့ Heat Gun ကို သုံးပြီး ဖြုတ်တဲ့နည်းလမ်း နည်းလမ်း(၂)မျိုးနဲ့ ဖြုတ်နိုင်ပါတယ်။ Rework Station ကိုသုံးတဲ့ နည်းကတော့ လူရဲ့ ကျွမ်းကျင်မှု သိပ်မလိုပါဘူး။ Station ကနေ ခဲအရည်ပျော်လောက်တဲ့ အပူချိန်ကို ပေး၊ ခဲ လည်းအရည်ပျော်ချိန်လည်းရောက်ရော စက်မှာပါတဲ့ စုပ်ခွက်လေးက BGA ကို ကောက်ယူသွားပါတယ်။ သူကတော့ BGA IC ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ Components တွေကို အပူဒဏ်သိပ်မခံရတဲ့အပြင် မှားယွင်းမှု လည်း နည်းပါတယ်။ ဒါပေမယ့် BGA IC လေးဖြုတ်ဖို့ ၊ တပ်ဖို့အတွက် စက်တစ်လုံး သုံးရမယ်ဆိုတော့ SMT စက်ရုံတွေ၊ Computer Service Center ကြီးတွေမှာဘဲ သုံးလေ့ရှိမှာပါ။ တစ်ချို့ Computer Service Center ကြီးတွေက ကြော်ငြာတာတွေ့ဖူးမှာပါ။ #ခေတ်မှီ BGA Rework Station များကို အသုံးပြု၍ Motherboard များကို ပြုပြင်တယ်ဆိုပြီး ကြော်ငြာလေ့ရှိပါတယ်။ ပုံ (၂)မှာ Rework Station ကိုနမူနာကို ပြထားပါတယ်။
၁၉။ နောက်တစ်နည်းဖြစ်တဲ့ Manual Heat Gun ကိုသုံးပြီး ဖြုတ်တဲ့နည်းစနစ်ပါ။ ဒါကတော့ ခုခေတ် တယ် လီဖုန်းပြင်တဲ့ Mobile Service တွေမှာ ဒီနည်းစနစ်ကို သုံးလေ့ရှိပါတယ်။ BGA IC ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ Components လေးတွေကို အပူဒဏ်မခံရအောင် အပူကာတဲ့ စတီးခွက်လေးတွေ၊ Thermal Adhesive Tape လို့ခေါ်တဲ့ မီးခံတိတ်လေးတွေကို အပြီး BGA ကို Heat Gun နဲ့ အပူပေး၊ ခဲပျော်လာချိန်လောက်ရောက်တာနဲ့ ဇာဂနာ/ ဓါးပါးပါးလေးနဲ့ မယူလိုက်တဲ့ နည်းဖြစ်ပါတယ်။ BGA IC တွေက သာမန် Electronic Component တွေထက် အပူချိန်ကို ခံနိုင်ရည်ရှိပါတယ်။ ဒီနည်းစနစ်ကတော့ ပြုပြင်သူရဲ့ လုပ်ငန်းကျွမ်းကျင်မှု အပေါ်မှာ မူတည်ပြီးတော့ အောက်က PCB Pad ပျက်စီးမှုမရှိတာ၊ ပတ်ဝန်းကျင်မှာရှိတဲ့ Components လေးတွေပြုတ် ထွက်တာ မရှိတာတွေ ဖြစ်စေမှာပါဘဲ။ ခဲကမပျော်သေးတဲ့ချိန်မှာ အတင်းကလန့်ပြီး IC ကိုဖြုတ်လိုက်ရင်တော့ PCB Pad ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ နောက် Heat Gun ရဲ့ လေမှုတ်အားအများကြီးနဲ့ အပူသွားပေးမိ ရင်လည်း ဘေးပတ်ဝန်းကျင်မှာရှိတဲ့ Components တွေက လွင့်ထွက်ကုန်မှာပါ။ ပုံ ( ၃)မှာ Heat Gun နဲ့ BGA ဖြုတ်နည်းနမူနာကို ပြထားပါတယ်။
၂၀။ ဒီနေရာမှာ ဗဟုသုတ တစ်ခု ပြောစရာရှိပါတယ်။ အဲ့ဒါက BGA IC ကို သုံးတဲ့ Board တိုင်းမှာ သုံးတဲ့ခဲဟာ Lead-Free အမျိုးအစားတွေပါ။ ဘာကြောင့် lead-free ကိုသုံးကြသလဲဆိုတော့ ခုလို BGA ကို ဖြုတ်၊ တပ် စသဖြင့် လုပ်တဲ့ချိန်မှာ ဘေးပတ် ၀န်းကျင်က Component တွေ အချိန်တိုတိုတွင်း ခဲမပျော်မသွားစေဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဈေးကွက်ထဲက ၀ယ်သုံးလေ့ရှိတဲ့ Tin-Lead ခဲက အပူချိန် ၁၈၀-၂၂၀ ဒီဂရီလောက်မှာ အရည်ပျော်ရင် Lead-Free ခဲက ၂၆၀-၂၈၀ ဒီဂရီအကျော်လောက်ရောက်မှ အရည်ပျော် တာပါ။ ခဲဆော်လို့ နည်းနည်းခက်တဲ့ ခဲပါ။ Lead-Free ခဲကို သုံးရတာ တစ်ခြားသော အကြောင်းအရာ လေးတွေလည်း ရှိပေမယ့် ဒါကလည်း ရည်ရွယ်ချက်ထဲမှာ တစ်ခုပါနေပါတယ်။ အကယ်၍ BGA IC လည်းသုံးထားသေး Tin-Lead ခဲလည်းသုံးထားတယ်ဆိုရင်တော့ ဖြုတ်ရ၊ တပ်ရ တာအတော် ခက်တွေ့စေ ပါလိမ့်မယ်။ အဲ့သလို Board တွေကိုလည်း Assembly လုပ်ခဲ့ဖူးပါတယ်။
BGA Re-ball ပြုလုပ်ခြင်း
+++++++++++++++++
၂၁။ BGA IC တစ်လုံးကို အကြောင်းကြောင့် ဖြုတ်ပြီး ပြန်လည်တပ်ဆင်တဲ့အခါမှာ လုပ်ဆောင်ရတဲ့ အဆင့် လေးတစ်ခုပါ။ IC ရဲ့ Pad တွေမှာ ပုံပျက်သွားတဲ့ Ball စေ့လေးတွေကို ပြန်တပ်ပေးရတာပါ။ ကျနော့်အနေနဲ့က တော့ SMD Production လုပ်စဉ်က Soldering Error ကြောင့် ပြန်ဖြုတ်၊ ပြန်တပ်လောက်သာ လုပ်ခဲ့တာပါ။ ဖုန်းတွေမှာပါတဲ့ BGA IC တွေတော့ တစ်ခါမှမပြင်ဖူးပါဘူး။
၂၂။ ဟုတ်ကဲ့ BGA ကို Reball လုပ်တဲ့ နေရာမှာ အရင်ဦးဆုံး BGA IC မှာရှိတဲ့ Ball အဟောင်းတွေကို ကုန် သွားအောင် ခဲစုပ်တဲ့ Solder Wick ကိုသုံးပြီး ခဲတွေကို စုပ်ယူသန့်ရှင်းရေးလုပ်ပါတယ်။ ပြောင်သွားတဲ့အခါ IC ကို Flux သုတ် BGA Stencil လို့ခေါ်တဲ့ ဘောစေ့တပ်မယ့် နေရာလေးတွေကို အပေါက်လေးတွေဖေါက်ထားတဲ့ စတီးပြားလေးကို IC နဲ့ ကပ် ပြီး ဘောစေ့လေးတွေကို Steel ပြားပေါ်လောင်းချလိုက်ပါတယ်။ အပေါက်အားလုံး ဘောစေ့လေးတွေ ၀င်သွားတဲ့အခါမှာ ခဲနဲ့ IC ရဲ့ ခြေထောက်ကပ်သွားအောင် အပူပေးလိုက်ရပါတယ်။ ဘောစေ့ အရွယ်အစားကတော့ အမျိုးမျိုးရှိတာပေါ့။ 0.2mm၊ 0.25mm ၊ 0.5mm၊ 0.55 mm ၊ 0.6 ,7,8 mm စသည်ဖြင့်ပေါ့။ ယခင်သူသုံးထားတဲ့ Size ကိုဘဲ ပြန်တပ်ပေးရမှာပါ။
၂၃။ စက်ကိုသုံးပြီး Soldering လုပ်တဲ့အခါမှာ BGA ကိုလှန်ထားပြီး ball လေးတွေနဲ့ IC Pad ကို ခဲစွဲစေမယ့်အနေအထား ရောက်အောင် အပေါ်၊ အောက် အပူပေးပြီးလုပ်ရပါတယ်။ အပေါ်က အပူပေးတဲ့ စနစ်က လေပူ (Hot Air ) ဖြစ်ပြီး ၊ အောက်ကပေးတဲ့ အပူက Coil စနစ်နဲ့ ပေးတဲ့ အပူစနစ်ပါ။ စက်နဲ့ Reball လုပ်တာကတော့ Ball လေးတွေက ညီညီညာညာလေးတွေ ကပ်သွားစေတာတော့ အမှန်ပါဘဲ။ အဲ့သလိုညီ ညာတော့ ပြန်တပ်ဆင်တဲ့အခါ အမှားနည်းတာပေါ့။
၂၄။ နောက်တစ်နည်းHeat Gun သုံးပြီးလည်း Reball လုပ်နိုင်ပါတယ်။ Digital မီးဖိုလေးပေါ်မှာ Aluminum ပြားလေးတင်၊ သူ့အပေါ်မှာမှ BGA IC ကို ပက်လပ်လေးတင် ၊အပေါ်ကနေ Heat Gun ကို Air Flow နည်းနည်းလေးနဲ့ အပူ ပေးပြီး Soldering လည်းလုပ်နိုင်ပါတယ်။ လက်စပေါ်မူတည်ပြီး Reball အရည်အသွေး ကွာသွားမှာပါ။ ပုံ ( ၄)မှာ နမူနာပုံစံလေးပြထားပါတယ်။
BGA အား PCB တွင် ပြန်လည် တပ်ဆင်ခြင်း
++++++++++++++++++++++++++++++
၂၅။ BGA IC ကို Ball လေးတွေပြန်တပ်ပြီး PBC ပေါ်မှာ ပြန်တပ်တဲ့အခါ နည်းစနစ် (၂)မျိုးနဲ့ လုပ်ဆောင်နိုင် ပါတယ်။ PCB ရဲ့ PAD နေရာကို Solder Wick နဲ့ ခဲတွေကို ပြောင်နေအောင် အရင်ရှင်းထုတ်ရပါတယ်။ လုံးဝ ပြောင်သွားမှ Manual နည်းစနစ်နဲ့ တပ်ဆင်မယ်ဆိုရင် Flux ကောင်းတာလေးကို နှံ့နေအောင်သုတ်လိမ်းပြီး BGA ICကို OCB ပေါ်က IC နေရာမှာ အသာလေးတင်လိုက်ပါတယ်။ BGA Pin နဲ့ PCB Pad ရဲ့ တိကျမှုက တော့ ၆၀% လောက်တိကျရင်ရပါတယ်။ ဘာလို့လဲဆိုတော့ BGA ရဲ့ သဘောသဘာဝကိုက အပူပေးလိုက်ပြီး ခဲပျော်မှတ်ရောက်ရင် Auto-Centering လုပ်သွားတော့ ၁၀၀% တိတိကျကျကြီး မလိုတာဖြစ်ပါတယ်။ အပူပေးတဲ့ချိန်မှာ Heat Gun ကိုသုံးပြီး အပူပေးနိုင်ပါတယ်။ အဓိကအနေနဲ့ကတော့ အပူပေးတဲ့ နေရာမှာဘဲ အပူပျံ့နှံ့တဲ့ အနေအထား ညီဖို့လိုတာပါ။ မဟုတ်ရင်တော့ ခဲဆွဲတာကညီညာမှာ မဟုတ်ပါဘူး။
၂၆။ နောက်တစ်နည်းကတော့ စက်ကိုသုံးပြီး ပြန်စိုက်တဲ့ နည်းစနစ်ပါ ။ အဲ့သလိုပြန်စိုက်တဲ့နည်းကတော့ ၁၀၀% Pin နဲ့ Pad ကို ညီညီလေး ဖြစ်စေပါတယ်။ သူ့မှာကျတော့ PCB ကို Flux မသုတ်တော့ဘဲ Solder Paste ဆိုတဲ့ ခဲရယ် ကော်ရယ်ရောထားတဲ့ စေးကပ်ကပ်အရာကို သုံးရပါတယ်။ ဒီနည်းစနစမှာကျတော့ BGA IC ကို လေစုပ်အား ကို သုံးထားတဲ့ Nozzle တစ်ခုနဲ့ စုပ်ထားပါတယ်။ BGA ရဲ့ Image နဲ့ PCB Image တစ်ထပ်တည်းကျတဲ့ချိန်မှာ Nozzle ကို အောက်ကိုချပြီး PCB မှာ အသာလေး ဖိပေးလိုက်ပါတယ်။ ပြီးတော့ လေစနစ်ကို ပိတ်လိုက်တဲ့အခါ Zozzle က BGA ကို စုပ်နိုင်စွမ်းမရှိတော့ ဘဲ Solder Paste နဲ့ကပ်ပြီး BGA ကကျန်နေခဲ့ပါတယ်။ အဲ့သလိုတွေလုပ်ပြီးမှ BGA တပ်ပြီး PCB ကို သတ်မှတ်ထားတဲ့ Temperature profile နဲ့ ခဲဆော်စေတာပါ။ Temperature profile စနစ်တကျ တည်ဆောက်ပြီး ခဲဆော်တာဖြစ်လို့ ဒီနည်းစနစ်က တော့ ဘာအမှားအယွင်းမှ မရှိတာကတော့ အမှန်ပါဘဲ။ ပြန်လည်တပ်ဆင်တဲ့အခါမှာ Ball လေးတွေအနေအ ထားကို ပုံ( ၆)မှာနမူနာပြထားပါတယ်။
BGA Inspection
+++++++++++++
၂၇။ နောက်တစ်ခု BGA IC ကို တပ်ဆင်ပြီးတဲ့အခါ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးရပါတယ်။ နည်းလမ်း (၂)မျိုးရှိပါတယ်။ Optical Inspection ဆိုတဲ့ BGA ရဲ့ အခြေလောက်ကနေ မီးအလင်းရောင်အားကောင်း ကောင်းနဲ့ ထိုးထားပြီး တစ်ဘက်ကနေ u-Scope နဲ့ ကြည့်တဲ့နည်းစနစ်မှာ BGA ရဲ့ ဘက်လေးဘက်လုံးကနေ အဲ့သလို စစ်ဆေးရပါတယ်။ နောက်တစ်နည်းက X-ray စက်ကိုသုံးပြီး IC ရဲ့ အပေါ်ကနေ X-ray လွှတ်ပြီး စစ်ဆေးတဲ့ နည်းစနစ်ပါ။ ပုံ(၇+၈ )မှာ စစ်ဆေးပုံ ၊ အနေအထားလေးတွေ နမူနာပြထားပါတယ်။
၂၈။ BGA IC အကြောင်းကို အီလက်ထရောနစ် အခြေခံလေ့လာသူတွေအဖို့ ဗဟုသုတရစေလိုတဲ့ ရည်ရွယ် ချက်နဲ့ မျှဝေဆွေးနွေတာဘဲဖြစ်ပါတယ်။ IC ရဲ့ ဗိုက်အောက်မှာရှိတဲ့အတွက် တိုင်းတာစစ်ဆေးရတာ ခက်ပေ မယ့် နည်းစနစ်သာမှန်ကန်ပစေ QFP လို IC မျိုးထက် ဖြုတ်ရတတ်ရလွယ်ကူပါတယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ……..
ကိုသားငယ် (BE , EC)