Wednesday, 28 November 2018

Diode အကြောင်း


Diode အကြောင်း
================
အပိုင်း-(၁)

၁။          Diode ဆိုတာနဲ့ မန္တလေးက တစ်လမ်းသွား လမ်းတွေမှာ တောသားကျွန်တော် တစ်ယောက်  ဦးဗျိုင်းတွေ လက်ထဲ  ရောက်ရောက်သွားတာဘဲ ပြေးမြင်မိတော့တယ်။ အသုံးများတဲ့ Electeronic Device တစ်ခုဖြစ်တဲ့၊ အင်မတန်မှ သုံးလို့ကောင်းတဲ့ Diode အကြောင်းလေးကို ကျွန်တော် တတ်သလောက်၊ မှတ်သလောက်လေး မျှဝေဆွေးနွေသွား ပါ့မယ်….။

Diode အခြေခံ သဘောတရားများ
++++++++++++++++++++++++
၂။      Diode ဆိုတာက တစ်လမ်းသွား လမ်းလိုဘဲ ဦးတည်ရာဘက် တစ်ဘက်တည်းကိုဘဲ လျပ်စီးကြောင်းကို ဖြတ်သန်းစီးဆင်းစေတာပါ။ Diode တစ်ခုမှာ အ၀င်ဘက်ကို Anode (အန့်နုတ်) ၊ အထွက်ဘက်ကို Cathode (ကတ်သုတ်) ဆိုပြီး နည်းပညာတိုင်ရာ အခေါ်အဝေါ်အရ ခေါ်လေ့ရှိပါ တယ်။ အပေါင်းရယ် ၊ အနုတ်ရယ်လို့ ခေါ်လေ့မရှိပါဘူး။  ဒါကြောင့် Diode မှာ Anode ကနေ Cathode ဘက်ကိုဘဲ လျှပ်စီးကြောင်း စီးဆင်းသွား ပါတယ်။ Diode ရဲ့  အထွက်ပိုင်း cathode ကို Component Body မှာ အဖြူရစ် (သို့မဟုတ်) အနက်ရစ်နဲ့ အမှတ်အသား ပြပေးထားပါတယ်။

 Diode အမျိုးအစားများ
++++++++++++++++
 ၃။ Diode ကို အမျိုးအစား (၂)မျိုးခွဲခြား သတ်မှတ်ထားပါတယ်။ သူတို့ကတော့ Silicon Diode နဲ့ Germanium Diode ဘဲဖြစ်ပါတယ်။ Silicon Diode ဆိုတာကတော့ ကျွန်တော်တို့ အသုံးများတဲ့ 1N4001-1n4007 ၊ uf 4001-uf4007၊1N5400-1N5408၊1N4148 စတဲ့ Diode တွေပါဘဲ။ ဒီ Silicon Diode အမျိုးအစားတွေမှာ ဗို့တန်ဖိုးတစ်ခု Anode ကနေ Cathode ဆီကို ဖြတ်သန်းသွားတဲ့ အခါ 0.7V လျော့ကျသွားပါတယ်။ ဒါကို Forward Voltage Drop လို့ခေါ်ပါတယ်။ ဒါကြောင့် ဒီအမျိုးအစား Diode တွေကိုသုံးတဲ့အခါမှာ 0.7V ကျော်တဲ့ ဗို့တန်ဖိုးရှိမှသာ Diode ကိုကျော်ပြီး ဖြတ်သန်းသွားနိုင်မှာဘဲ ဖြစ်ပါတယ်။ ပုံ(၃)မှာ Diode အမျိုးအစားလေးတွေ ဖေါ်ပြထားပါတယ်။

၎။ ဒီနေရာမှာ ကျွန်နော်ပေးချင်တဲ့ Message က အပေါ်မှာ ဖေါ်ပြပေးထားတဲ့ Silicon Diode (၄)မျိုး မှာ သူ့နေရာ နဲ့သူ အသုံးပြုရတဲ့ ကွဲပြားမှုလေးတွေပါဘဲ။

  - #1N-400x အမျိုးအစားတွေဆိုရင် တော်တော်အသုံးများပြီး  Watt တန်ဖိုးနည်းတဲ့ Power Supply တွေမှာ Rectifier ပတ်လမ်း၊ Voltage Blocking ပတ်လမ်း တွေမှာ အများဆုံး သုံးလေ့ရှိပါတယ်။
  - #နောက်တစ်ခု 1N-540x အမျိုးအစား Diode တွေကိုတော့ Watt တန်ဖိုးများတဲ့ Power Supply တွေမှာ Rectifier ပတ်လမ်း၊ Polarity Protector (+,-) ပြောင်းပြန်ကာကွယ်တဲ့ ပတ်လမ်းနေရာ တွေမှာသုံးလေ့ရှိပါတယ်။
  - #1N4148 ကိုတော့ Switching Diode လို့ ခေါ်လေ့ရှိပြီး လျပ်စီးကြောင်း 150 mili Ampere လောက်ဘဲဖြတ်သန်း ခွင့်ပြုပါတယ်။ Signal/Voltage Blocking အသုံးချပတ်လမ်းတွေမှာ သုံးလေ့ရှိပါတယ်။
  -#UF-400x အမျိုးအစားတွေကို  Frequency အမြင့်တွေသုံးတဲ့ Switching Mode Power Supply တွေမှာ Rectifier ပတ်လမ်း ၊ Freewheeling ပတ်လမ်းတွေမှာ အများဆုံး သုံးလေ့ရှိပါတယ်။ UF ဆိုတာက Ultrafast ကိုတင်စားပြီး Recover Time က အင်မတန်မြန်တယ်ဆိုတာကို ဖေါ်ပြပေးထားတာဘဲ ဖြစ်ပါတယ်။ 4001 ဆိုတာနဲ့ 1N4001 ကိုသွားပြီး အစားထိုးလို့ မရပါဘူး။ ရှေ့မှာ UF လား 1N လား ကြည့်ပြီးမှာ အစားထိုးလို့ရမှာဘဲ ဖြစ်ပါတယ်။

၅။  Germanium Diode အမျိုးအစားတွေ မှာ အဓိကထူးခြားချက်က Forward Voltage Drop ဘဲဖြစ်ပါတယ်။ ဗို့တန်ဖိုးတစ်ခုက Germanium Diode ရဲ့ Anode ကနေ Cathode ကိုဖြတ်စီးသွားတဲ့ချိန်မှာ ဗို့တန်ဖိုး 0.3V လျော့ ကျသွားတာကို ဆိုလိုခြင်းဘဲ ဖြစ်ပါတယ်။ Silicon ရင် 0.7V၊ Germanium ဆိုရင် 0.3V ဆိုတော့ 0.4 V လောက်  ကွာခြာမှုရှိပါတယ်။ ဒီ 0.4 V လောက်သာရှိတဲ့ ဗို့လေးကွာခြားမှုက ဘာများထူးသွားသလဲပေါ့။ ဟုတ်ပါပြီ Battery တွေမှာ Polarity Protection အနေနဲ့သုံးမယ်ဆိုပါဆို့။ 12Vလောက်အမှန်တစ်ကယ်ရှိတဲ့ ဗို့က Silicon Diode သာသုံးမယ်ဆိုရင် အထွက်မှာ 11.3V ဘဲရှိတော့မှာ ဖြစ်ပြီးတော့ Germanium Diode ကိုသုံးမယ်ဆိုရင် 11.7V လောက်ရမှာဖြစ်ပါတယ်။ Battery မှာ (0.1V) ကွာခြားမှုက တော်တော်လေးသိသာစေပါတယ်။

၆။  နောက်တစ်ခုက Radio Frequency တွေကို ဖမ်းယူတဲ့နေရာတွေမှာ Germanium Diode တွေကအသုံးတည့် ပါတယ်။ သူ့ကိုသုံးတော့ ဖမ်းအား(Sensitivity) မှာတော်တော်ကွာခြားတာပေါ့။ 0.3V Level လောက်ရှိတဲ့ လှိုင်းအားလောက်နဲ့ Receiver ဆီကို ဖမ်းယူရရှိတဲ့ လှိုင်းကရောက်ရှိစေလို့ Silicon Diode နဲ့ယှဉ်ရင် ၂ဆ လောက် ကွာခြားတာတွေ့ရမှာဘဲဖြစ်ပါတယ်။ ပုံ(၄)မှာ အသုံးပြုပတ်လမ်း နမူနာပြပေးထားပါတယ်။

Diode အသုံးချပတ်လမ်းများ
++++++++++++++++++++
၇။    Diode ကိုသုံးပြီး အောက်မှာပြထားတဲ့ အသုံးချပတ်လမ်းတွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဒီအသုံးချပတ် လမ်းတွေကို နမူနာထားပြီး တစ်ခြားသော နေရာများမှာလည်း မိမိရဲ့ Idea အရပြန်လည်  အစားထိုး အသုံးချနိုင်ပါတယ်။
 (က)  AC ကနေ DC စနစ်ကိုပြောင်းတဲ့ Rectifier ပတ်လမ်း။
 (ခ)  Signal/Voltage Block ပတ်လမ်း။
 (ဂ)  Polarity Protector (+,-) မမှားစေရန်ကာကွယ်သည့် ပတ်လမ်း။
 (ဃ) ဗို့လျော့ချသည့် (Voltage Dropper )ပတ်လမ်း။
 (င) Voltage Clipper ပတ်လမ်း။

AC ကနေ DC စနစ်ကိုပြောင်းတဲ့ Rectifier ပတ်လမ်း
+++++++++++++++++++++++++++++++++++++
၈။  AC ကနေ DC စနစ်ကိုပြောင်းတဲ့ အချိန်မှာ Diode ကိုသုံးလေ့ရှိပါတယ်။ ဘာကြောင့်သုံးရသလဲ။ Diode ဟာ AC Sine Wave ကြီးမှာရှိတဲ့ Positive Half Cycle လို့ခေါ်တဲ့ အပေါင်းအခြမ်းကိုဘဲ သူ့ထဲကနေ ဖြတ်သန်း စီးဆင်းစေလို့ သုံးတာပါ။ Negative Half Cycle ကိုဖြတ်ထုတ်ပစ်ပြီး DC စနစ်နဲ့ အနီးစပ်ဆုံး အနေအထားရောက် အောင် ဒီDiode ကိုသုံးလိုက်ခြင်းပါ။ Silicon ၊ Germanium အမျိုးအစားပေါ် မူတည်ပြီးတော့ Voltage Drop က 0.7V ကနေ 0.3V လောက်ကျဆင်းသွားမှာပါဘဲ။ ပုံ( ၅)မှာ နမူနာပတ်လမ်းကို ပြထားပါတယ်။

Signal/Voltage Block ပတ်လမ်း
+++++++++++++++++
၉။ ဒီပတ်လမ်းမှာဆိုရင် အီလက်ထရောနစ် Circuit ပတ်လမ်းတွေမှာ ဗို့တန်ဖိုးတစ်ခု/ Signal တစ်ခုကို မိမိမရောက် စေလိုတဲ့နေရာကို မရောက်နိုင်အောင် Diode နဲ့ လမ်းပိတ်ထားလိုတဲ့ ပတ်လမ်းတွေမှာ သုံးလေ့ရှိပါတယ်။ များသောအားဖြင့် 1N4148  Switching Diode ကိုသုံးလေ့ရှိပါတယ်။ ပုံ(၆ )မှာ ပတ်လမ်းနမူနာကို ပြထားပါတယ်။

Polarity Protector (+,-) မမှားစေရန်ကာကွယ်သည့် ပတ်လမ်း
+++++++++++++++++++++++++++++++++++++++++++
၁၀။  Electronic အသုံးအဆောင်ပစ္စည်းတွေမှာ ဒီအသုံးချပတ်လမ်းမျိုးကို သုံးနိုင်ပါတယ်။ Diode ကို Positive Terminal အ၀င်မှာ ခံထားခြင်းအားဖြင့် တစ်ကယ်လို့  အပေါင်း၊အနုတ် မှားချိတ်ခဲ့မိရင်တောင် Current ကိုဖြတ်သန်း စီဆင်းခွင့်ပြုမှာမဟုတ်ပါဘူး။ Forward Voltage Drop နည်းတဲ့ Germanium Diode အမျိုးအစား တွေကို သုံးလေ့ရှိပါတယ်။ ပုံ(၇ ) မှာ နမူနာပတ်လမ်းပုံ ပြပေးထားပါတယ်။

ဗို့လျော့ချသည့် (Voltage Dropper )ပတ်လမ်း
++++++++++++++++++++++++++++++++
၁၁။   Diode တစ်လုံးကို ဗို့တန်ဖိုးတစ်ခု ဖြတ်စီးသွားတော့မယ်ဆိုရင် 0.3V/0.7V လျော့ကျသည် ဆိုတဲ့အချက်ကို အသုံးချလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ 12V Regulated Supply တစ်ခုကို 11V လောက်ကိုးလို့ကန်လန့် လိုအပ်လာတဲ့ချိန်မှာ Germanium Diode တစ်လုံးနဲ့ Silicon Diode တစ်လုံးကို Series ဆက်လိုက်ခြင်းနဲ့ 1V လျော့ချသွားနိုင်ပါတယ်။ ပုံ ( ၈)မှာ နမူနာပတ်လမ်းကိုပြပေးထားပါတယ်။

Voltage Multiplier ပတ်လမ်း
+++++++++++++++++++
၁၂။  ဒီပတ်လမ်းအမျိုးအစားကတော့ AC Volt: ကနေ DC Volt: ကို ပြောင်းလဲတဲ့ချိန်မှာ သုံးတာဘဲဖြစ်ပါတယ်။ ဥပမာ 12VAC ကို DC စနစ်ပြောင်းလိုက်တဲ့ချိန်မှာ 16V လောက်ရမှာဖြစ်ပြီး မိမိက 32V/48V/64V လောက်လို အပ်တယ်ဆိုရင် ဒီလိုပတ်လမ်းအမျိုး အစားလေးတွေကို သုံးနိုင်မှာဖြစ်ပါတယ်။ ပုံ(၉)မှာ Voltage Multiplier ပတ်လမ်းတွေကို နမူနာပြပေးထားပါတယ်။

Diode ကောင်း/မကောင်းတိုင်းတာစစ်ဆေးခြင်း
=================================
၁၃။ Diode တစ်လုံးကောင်း/မကောင်း တိုင်းတာစစ်ဆေးတဲ့ ပုံစံလေးတွေကို ပုံ(၁၀)မှာ နမူနာပြထားပေးပါတယ်။ တိုင်းတဲ့ခါမှာ Forward ရော Reverse ရော အပြန်အလှန်တိုင်းတာ ကြည့်ဖို့တော့ လိုအပ်ပါတယ်။

Diode တစ်လုံးနဲ့ပတ်သတ်သော အချက်အလက်များ
=====================================
၁၄။  Diode တစ်လုံးကိုသုံးတော့မယ်ဆိုရင် သူနဲ့ပတ်သတ်တဲ့ အခြေခံအချက်အလက် လေးတွေကို သိရှိထားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း သူ့နေရာနဲ့သူ ကောင်းကောင်း သုံးနိုင်မှာဖြစ်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်လေး  တွေကတော့ အောက်ပါတိုင်းဘဲ ဖြစ်ပါတယ်။
   -Vrrm = Peak Reverse Voltage လို့ခေါ်ပါတယ်။ Diode ကို ဖြတ်ပြီး စီးဆင်းစေနိုင်တဲ့ Voltage ပမာဏ
               ဖြစ်ပါတယ်။ဥပမာ -1N-4001 မှာ 50V သာဖြတ်သန်းစီးဆင်းခြင်းကို လက်ခံနိုင်ပါတယ်။
   -Vdc  = Maximum DC Blocking Voltage ဖြစ်ပါတယ်။ Diode တစ်လုံးရဲ့  ဟန့်တားထားနိုင်တဲ့ ဗို့တန်ဖိုး ဖြစ်ပါ
               တယ်။ သူ့ထဲကနေ ဖြတ်သန်းစီးဆင်း နိုင်တဲ့ တန်ဖိုးနဲ့အတူတူဘဲ ဖြစ်ပါတယ်။
   -If(av) = Maximum Average Value of Forward Current လို့ခေါ်ပါတယ်။ လျှပ်စီကြောင်းဟာDiode ကို
              ဖြတ်ပြီး စီးဆင်းစေနိုင် တဲ့ Current ပမာဏ ဖြစ်ပါတယ်။1N-400x အမျိုးအစားမှာ 1Ampere သာစီဆင်း
             နိုင်ပြီး 1N-540x မှာဆိုရင် 3Ampere လောက် ဖြတ်သန်းစီးဆင်း ခံနိုင်ပါတယ်။
   -Ifsm =Maximum Forward Surge Current ဖြစ်ပါတယ်။ Diode တော်တော်များများမှာ ရုတ်တရက်
           စောင့်တက်လာတဲ့ Surge Current (8ms) လောက်ထိ တောင့်ခံနိုင်ပါတယ်။
   -Tstg = Storage Temperature ဖြစ်ပါတယ်။ Diode တစ်လုံးကို Electronic Circuit မှာတပ်မထားဘဲ Store
            မှာသိမ်းထားနိုင်တဲ့ အပူချိန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
   -Tj = Diode တစ်လုံးရဲ့ ခံနိုင်ရည် အပူချိန်ဘဲ ဖြစ်ပါတယ်။
   -Vf = Diode တစ်လုံးရဲ့ Forward Voltage Drop ဖြစ်ပါတယ်။ 1 Ampere Diode တစ်လုံးမှာ 1A ပြည့်သုံးချိန်
            ဆိုရင် 1.1V လောက် လျော့ကျသွားပါတယ်။
၁၅။  အထက်ဖေါ်ပြထားတဲ့ အချက်အလက်တွေကတော့ Diode နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ဘဲဖြစ်ပါတယ်။ ပုံ( ၁၁)မှာ Diode ရဲ့ အချက်အလက်တွေ  ပြထားပါတယ်။

>>>>နောက်ထပ် Special Diode အမျိုးအစားတွေကို နောက်အပိုင်းတွေမှာ ဆက်လက်ဖေါ်ပြသွားပါမယ်…..>>

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ…

# ဗိုလ်ရှယ် ဒိန်ချဉ်
Crd, Ko Thar Nge ( BE , EC )

***********************************

အပိုင်း (1),နဲ့ အပိုင်း (2) ပုံ ကို
ဗိုလ်ရှယ် ဒိန်ချဉ် ကြော်ငြာဖြင့်
ခွဲခြားထားပါသည်။

************************************

Diode မျိုးနွယ်ထဲက Special Diode များအကြောင်း
======================================
အပိုင်း-(၂)

၁။          Diode အမျိုးနွယ်ဝင်တွေထဲက Special Diode တွေရဲ့ အကြောင်း ဆက်လက် ဖေါ်ပြသွားပါ့မယ်။ ဟုတ် ကဲ့ Diode အမျိုးနွယ်ဝင်တွေဖြစ်တဲ့ Special Diode တွေကအသုံးများလှတဲ့ Zener Diode အကြောင်းကို ဆက်လက်ဖေါ်ပြသွားပါ့မယ်….။

Zener Diode
==========
၂။      Zener Diode ဆိုတာနဲ့ ကျန်တာတွေနောက်ထား၊ ဘယ်နေရာမှာ အသုံးချသလဲ၊ ဘယ်လိုအသုံးချနိုင်မလဲ ကျွန်တော်တို့ သိဖို့လိုအပ်ပါတယ်။ Electronic Beginner တစ်ယောက်အနေနဲ့ အီလက်ထရောနစ်ကို လေ့လာရာ မှာ အခြေခံကျတဲ့ ပတ်လမ်းတွေကို စံထားပြီး လုပ်ဆောင်ချက်လေးတွေကို နားလည်အောင် ဆောင်ရွက်သင့် ပါတယ်။ မဟုတ်ရင်များပြားလှတဲ့ Electronic Device လေးတွေအတွက် မှတ်မှတ်ရရ အသုံးချဖို့ ခက်ခဲစေပါလိမ့်  မယ်။

၃။   Zener Diode ကို ခင်ဗျားတို့ အီလက်ထရေနစ် ဆားကစ်တွေမှာ တွေ့ကျဖြစ်တဲ့ Reference Voltage (Vref) ဆိုတဲ့ နေရာတွေ ၊ IC တွေကို အလုပ်လုပ်ဖို့အတွက်  Regulated DC Supply ကိုပေးဖို့ အများဆုံးသုံး လေ့ရှိပါ တယ်။

၎။   Zener Diode ကိုအသုံးပြုပြီး လုပ်ဆောင်နိုင်သော အသုံးချပတ်လမ်းတွေကို အောက်မှာဖေါ်ပြထားပါတယ်။
   (က)  Zener Shunt Voltage Regulator
   (ခ)   Voltage Shifter
 
Zener Shunt Voltage Regulator
+++++++++++++++++++++++++
၅။     Zener ကို Voltage Regulator အနေနဲ့ သုံးမယ်ဆိုရင် Current Limit Resistor တစ်လုံးကို ၀င်လာတဲ့ power input နဲ့ Series ချိတ်ပေးရပါတယ်။ ဒီResistor ပေါ်မူတည်ပြီး  Zener Diode က Regulated ဆောင်ရွက်ပေး နိုင်တဲ့ အနိုမ့်ဆုံးနဲ့ အမြင့်ဆုံး Voltage Range တစ်ခု ကိုတွက်ချက်နိုင်ပါတယ်။ ဒါဆို ကိုယ်သုံး ထားတဲ့ Resistor ပေါ်မူတည်ပြီး ဗို့တန်ဖိုးအမြင့်ဆုံး ဘယ်လောက်ထိ ဒီ Zener Diode က သူ့ရဲ့ သတ်မှတ်ထားတဲ့  တန်ဖိုးအတိုင်း Regulated လုပ်ပေးနိုင်သလဲဆိုတာကို တွက်ချက်နိုင်ပါတယ်။

၆။  Zener Diode ကို Voltage Regulator အနေနဲ့သုံးမယ်ဆိုရင် ဒီCurrent Limit Resistor က အရေးကြီးပါ တယ်။ ဘယ်လို အရေးကြီးသလဲဆိုတာကို အောက်မှာတွက်ချက်ထားတဲ့ အပေါ်မှာမူတည်ပြီး သုံးသပ်နိုင်ပါတယ်။

>>Zener Diode DataSheet တွင်ကြည့် >V(z) = 1N4742 (12V) ,P= 1W ,  I(zk) = 0.25mA
>>Current Limit Resistor = 220Ω (ခန့်မှန်းသတ်မှတ်)
>>မိမိတို့တွက်ချက် ဖေါ်ထုတ်နိုင်သော Zener ရဲ့အမြင့်ဆုံးခံနိုင်သော လျှပ်စီးကြောင်း>> I(zm)=  P/ V(z)= 
    1/12=83mA
#အရင်ဆုံး အနိုမ့်ဆုံး အ၀င်ခံနိုင်တဲ့ဗို့ကို တွက်ကြည့်ပါ့မယ်>>>> 
V (r) = I(zk) x R =0.25mA x 220Ω =55mV
Vin(minimum) =55mA+12V=12.055V
#နောက်တစ်ခု အမြင့်ဆုံး အ၀င်ခံနိုင်တဲ့ ဗို့ကို တွက်ကြည့်ပါ့မယ်>>>> 
V(r) = I(zm) x R = 83mA x 220Ω = 18.26V
Vin(max:) = 18.26V+12 V = 30.26V

၇။  ဒါကြောင့် 12V Zener Diode ကို 220Ω Resistor ကိုသုံးပြီး Regulator အနေနဲ့ သုံးမယ်ဆိုရင် အထက်မှာပြထားတဲ့ အနိုမ့်ဆုံး နဲ့ အမြင့်ဆုံး Voltage Range ကို တွက်ထုတ်နိုင်ပါတယ်။ Current Limit Resistor ကို ပြောင်းပေးခြင်းနဲ့ Zener Diode ရဲ့ Voltage Range ကလည်းပြောင်းလဲသွားမှာပါ။ လေ့လာသူများအနေနဲ့လည်း တွက်ချက်ကြည့်သင့်ပါတယ်။ ဒါကြောင့် Current Limit Resistor ကရေးကြီးပါ တယ်။ ပုံ( ၃, ၄ )မှာ Zener Diode ကိုသုံးပြီး Voltage Regulator လုပ်ဆောင်ထားပုံကို နမူနာပြပေးထားပါတယ်။

Voltage Shifter
++++++++++++

၈။    Zener Diode တစ်လုံးကို Input Supply နဲ့ Series ချိတ်ဆက်ပြီး သုံးခြင်းကို Voltage Shifter လို့ခေါ်ပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့ သိထားရမှာက Reverse Breakdown Voltage ။ Reverse Breakdown Voltage ဆိုတာက Zener Volt: (Vz ) ကိုကျော်လွန်ဖြတ်သန်း သွားနိုင်သော ဗို့တန်ဖိုးပါ။ ပုံ(၅)မှာ  Voltage Shifter ပတ်လမ်းကို နမူနာပြသပေးထားပါတယ်။

၉။    ပုံမှာပြထားတဲ့အတိုင်း Zener Diode တစ်လုံးကို Input Supply နဲ့ ပြောင်းပြန် Series ချိတ်ဆက်ထားပါ တယ်။ အထွက်မှာဆိုရင် Zener ရဲ့ Breakdown Voltage ကိုနုတ်လိုက်တာနဲ့ အထွက် Shifter Voltage ကိုရရှိမှာဘဲ ဖြစ်ပါတယ်။ Voltage Shifter ပတ်လမ်းတွေကို ဘယ်နေရာမှာ သုံးလေ့ရှိလဲ။ ကျွန်တော်တို့ သိထားရ မယ်။ Over Voltage Cut-off ၊ Under Voltage Cut-off လိုမျိုး ပတ်လမ်းတွေမှာ သုံးလေ့ရှိပါတယ်။

၁၀။   ပုံ ( ၆ ) မှာ Under Voltage Cut-off ပတ်လမ်းကို ဖေါ်ပြထားပါတယ်။ ဒီနေရာမှာ Source Voltage 7.2V မှာ Zener Diode ရဲ့ Reverse Breakdown Voltage 5.1V ကို ကျော်လာတဲ့ Volt: 2.1V က Transistor ရဲ့ Base ကို ရောက်ရှိပြီး Transistor ကို Saturated ဖြစ်နေပါတယ်။ ဒါကြောင့် D2 အထွက်မှာ Low Level ပါ။ တစ်ကယ်လို့ Source Voltage က 5.6 V လောက်ကျသွားချိန်မှာ  Zener Breakdown Voltage ကိုကျော်လာမယ့် ဗို့က 0.5V လောက်ဘဲရှိတော့မှာမလို့ Transistor က မပွင့်နိုင်တော့ပါဘူး။ ဒါကြောင့် D2 အထွက်မှာ High Level ဖြစ်သွားပြီး ပါတယ်။ ဒီ Low Level ၊ High Level တွေကို မိမိလိုအပ်တဲ့အတိုင်း Control လုပ်စေနိုင်ပါတယ်။

၁၁။   Zener Diode တစ်လုံးရဲ့  အခြေခံအသုံးချ ပတ်လမ်းတွေက အထက်မှာပြထားတဲ့ အတိုင်းပါဘဲ။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ>>>

Crd,  Ko Thar Nge ( BE , EC )
photo credit

















@100BC

ကိုယ်ပိုင်ပို့စ်နှင့်ကူးယူပို့များအတွက်ဆရာသုံးပါးအမြဲဦးထိပ်ပန်ဆင်ကျေးဇူးတင်ရှိပါသည်။လင်းဇော်.

 

၂၀၁၈-ခုနှစ်တွင်စတင်၍=>LinZaw-MKK ရေးသားသည်။